Sunday, August 5, 2007

ဥယျာဉ်

နဂါးတွေကသာ
တကယ်တမ်းကပြမယ်ဆိုရင်တော့
ကိုယ်ကြည့်ချင်စိတ်ရှိပါတယ်။

ဒါပေမယ့်
မျက်နှာအရေပြားတွန့်တွန့်ကြီးနဲ့လူတွေက
နဂါးနှဲမှုတ်ပြီးလူးလွန့်ပြရင်တော့
သူတို့အစား…
ကိုယ်က ပင်ပန်းပျင်းရိနေတတ်တယ်။

အဲဒီလိုပါပဲ ကောင်မလေးရယ်
မိုးတွေကတိတ်တာတောင် ကိုယ်ကရွာတုန်း။

သစ်ရွက်ကို ကိုယ်ပြန်စိုက်ဖို့ကြိုးစားဆဲမှာ
သစ်ပင်က ကြွေကျလာခဲ့.
ကိုယ်လို ပေကပ်ကပ်ကောင်ကတော့
ကျောက်တုန်းတွေကိုလည်း ငုံ့ကြည့်ခင်မင်နေခဲ့၊

ကောင်မလေးရေ…
တကယ်ဆို ကိုယ်ဟာဥယျာဉ်တစ်ခုပါပဲ
မြေပြင်မှာ ဘာမှမပွင့်သေးတာက လွဲရင်ပေါ့ကွယ်။

တာရာမင်းဝေ

No comments:

Post a Comment