ကြယ်တစ်ပွင့်
လွင့်ထွက်ကြွေခိုက်
ပင့်သက်တွေ ရှိုက်ရပြန်တယ်..။
“မပွင့်ဘဲဖူးခဲ့ရတဲ့ ကောင်မို့ မှောင်တယ်” တဲ့
အခုတော့ ခင်ဗျား
အလင်းတွေကြား ထွက်သွားခဲ့ပြီ။
“တယ်လီဖုန်းခေါ်သံတွေ ကြားတာတောင်
ပြန်မထူးဖြစ်တဲ့ကောင်” တဲ့
အခုတော့ ခင်ဗျား
ပြန်ထူးစရာမလိုအောင် ထွက်သွားခဲ့ပြီ။
“ငါ့မှာတစ်ယောက်ထဲ ဖြစ်နေရတဲ့အထဲ
ဝေါကနဲပျောက်ဆုံးလိုက်ရ” တဲ့
အခုတော့ ခင်ဗျား
အငွေ့တွေကြား ပျောက်ကွယ်သွားခဲ့ပြီ။
“လောကမာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ဂီတပါပဲ” တဲ့
အခုတော့ ခင်ဗျား
ဗုံသံတွေ မကြားတဲ့အရပ်ဆီ ထွက်သွားခဲ့ပြီ။
“ယုံကြည်ထားစမ်း ရေခိုးရေငွေ့တွေကလည်း
ပင်လယ်ကို ပစ်ပေါက်စိုက်ပျိုးနိုင်ရမယ်ဆိုတာ” တဲ့
အခုတော့ ခင်ဗျား
ပင်လယ်ကို စိုက်ပျိုးပြပြီး ထွက်သွားခဲ့ပြီ။
“မေမေရေ.. မိုးတိမ်တွေထဲ ခြေပစ်လက်ပစ်
သားဝင်အိပ်ပစ်လိုက်ချင်ရဲ့” တဲ့
အခုတော့ ခင်ဗျား
ခြေပစ်လက်ပစ်အိပ်နေပုံများ
ကျွန်တော်တို့ ခေါ်တာတောင် မကြားတော့ဘူး။ ။
ခေလွန်း
(သြဂုတ်လ ၅ရက်၊ ၂၀၀၇ တွင် ကွယ်လွန်သွားသော စာရေးဆရာ တာရာမင်းဝေအတွက် အမှတ်တရ ရေးဖွဲ့ပါသည်။)
Monday, August 6, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment